ဘီးလင်း ဒီဇင်ဘာ ၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ အသက် ၉ နှစ်မှ ၁၂ နှစ်အောက် ကျောင်းတွင်မထိုးနှံသေးရသည့် ကျောင်းသူများနှင့် ကျောင်းပြင်ပမထိုးနှံသေးရသည့် မိန်းခလေးငယ်များကို ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဿန်ဦးနှင့် ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)