မော်လမြိုင်မြို့နယ်၌မဲစာရင်းပြည့်စုံမှန်ကန်ရေး door to door စနစ်ဖြင့် အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေး

မော်လမြိုင် ဒီဇင်ဘာ ၄

မော်လမြိုင်မြို့နယ်တွင်၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကိုအိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ပါကြောင်းနှင့် အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိတို့ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ မြန်မာနိုင်ငံတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်း​ရေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာများအလိုက် door to door စနစ်ဖြင့် တစ်အိမ်တက်ဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိရာ မော်လမြိုင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားတိုင်းမဲပေးခွင့် အခွင့်အရေးမဆုံးရှူံး စေရန်အတွက်မဲဆန္ဒရှင်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်များမှ‌ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင်ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ (၂၁) ရက်‌နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့ အထိကြေညာထားရှိရာ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူများမဲစာရင်းတွင်ပါရှိရေးအတွက် သတ်မှတ်ရက်အတွင်း အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင်သွင်း ခြင်းများပြုလုပ်ရန် door to door စနစ်ဖြင့်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၂)ရက်နေ့အထိ အိမ်ထောင်စု (၄၄၇၈၇ )စုရှိ လူဦးရေ (၁၄၉၂၈၂) ဦးအား စိစစ်ဆောင်ရွက်ပြီးကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)