မုဒုံ ဒီဇင်ဘာ ၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက သင်တန်းသူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် ပြင်ပစာပေများဖြစ်သည့် သုတ၊ ရသ စသည့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် အကျိုးအကြောင်း၊ အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် စာပေများ ဖတ်ရှုလေ့လာကြရန် ပြောကြားသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)