မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မုဒုံ ဒီဇင်ဘာ ၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က အ..က (ခွဲ) ကင်းချောင်းစာသင်ကျောင်း၌ ပြုလုပ်သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းအေးက အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုး စန္ဒာထွန်းက ကျောင်းသား/သူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြင့်မား စေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်း စသည့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် အကျိုးအကြောင်း၊အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် စာပေများ ဖတ်ရှုလေ့လာကြရန်ပြောကြားသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့်  စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)