ကျိုက်ထိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကျိုက်ထို ဒီဇင်ဘာ ၅

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေး များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး (ကိုယ်စား)ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများမှာ ဖြစ်ပွားမှုနှုန်းမြင့်မားနေတဲ့ သားအိမ်‌ခေါင်းကင်ဆာ‌ ရောဂါကို ကာကွယ်နိုင်ဖို့အတွက် ရည်မှန်းအမျိုးသမီးငယ်များအားလုံး ကာကွယ်ဆေးကို ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးသက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်း ဆောင်ရွက်ပေးကြရန်ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတာဝန်ခံ ကျန်းမာရေးမှူးအဆင့်(၃) ဒေါ်ပိုးအိအိစိုးက သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ ကင်ဆာရောဂါ အဆင့်ဆင့်ဖြစ်ပွားပုံများ၊ ကာကွယ်ကုသနည်းများ၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)အား ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ထိုးနှံပေးမှုအ‌ခြေအနေများနှင့် ကာကွယ်ဆေး ထိုးလုပ်ငန်း၏ ရည်မှန်းချက်၊ ကာကွယ်ဆေးထိုးနှံမည့် အသက်အရွယ်သတ်မှတ်ချက်၊ ဆေးထိုးနှံမည့်အစီအစဉ် စသည့် အကြောင်းအရာများအား ပြောကြားရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုးက မြို့နယ်အတွင်း၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေးနှင့်ဒီဇင်ဘာ (၅)ရက်နေ့မှ (၂၀)ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းကို ပြည်သူလူထု ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)