ကျိုက်မရောမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုက်မရော ဒီဇင်ဘာ ၅

ကျိုက်မရောမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်နံနက် ၉ နာရီက ကျိုက်မရော ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေး ပွဲတွင် ကျိုက်မရော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးစိန်ဝေက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇင်ထွန်းက မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကြောင့် အမျိုးသမီးဦးရေ သေဆုံးမှုမြင့်မားလျက်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုမှ ပပျောက်ရေးဆောင်ရွက်ရာတွင် HVP ကာကွယ်ဆေးလွှမ်းခြုံမှုကိူ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း ကျောင်းအခြေပြု ကာကွယ်ဆေး ထိုးနှံချိန်တွင် ပညာရေးဝန်ထမ်းများကပါဝင် ကူညီဆောင်ရွက်ပေးရန်၊ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံချိန်တွင် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာသူများက အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး အခမဲ့ထိုးနှံရေးနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး သိရသည်။

ကျိုက်မရော(ပြန်/ဆက်)