မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်တွင် အခြေခံစားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည်ရှုအားပေး

မော်လမြိုင် ဒီဇင်ဘာ ၅

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကုန်ထုတ်လုပ်သူများ အနေဖြင့်အခြေခံစားကုန်များကို လုံလောက်စွာထုတ်လုပ်ရန်နှင့် အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန် မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန် ပစ္စည်းများအား မော်လမြိုင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူနေကြမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေဘ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မွန်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦး‌‌အောင်ကြည်သိန်းးက ကမ္ဘာပေါ်ရှိလူသားများအနက် မသန်စွမ်းသူများကို စာနာထောက်ထားရေး၊ စိတ်ဓါတ်မြှင့်တင်ရေး၊ ဂုဏ်သိက္ခာမြှင့်တင်ပေးရေးဟူသော ရည်ရွယ်ချက်များဖြင့် ၁၉၉၃ခုနှစ်၊ (၄၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်ချမှတ်ကာ နှစ်စဉ်ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ်မှာကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးကသတ်မှတ်ပေးတဲ့ ဆောင်ပုဒ်ကတော့ “အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ဆိုတာဘဲ ဖြစ်ကြောင်း၊ဒါကြောင့်မို့ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးမှာ ကူညီနိုင်သူ၊ အင်အားရှိသူတွေဟာ မျက်ကွယ်ပြုလျစ်လျူရှုမနေပဲ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်း၊မသန်စွမ်းသူများကို လူ့အသိုင်းအဝိုင်းထဲမှာ ခွဲခြားဆက်ဆံမှုမရှိဘဲ သာမန်လူများကဲ့သို့ အများနည်းတူ တန်းတူအခွင့်အရေးရရှိနိုင်ရေး၊ လူ့အဖွဲ့အစည်းလှုပ်ရှားမှုတိုင်းမှာ ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဦးဆောင်နိုင်စွမ်းတွေရှိရန်အတွက် ပံ့ပိုးကူညီပေးဖို့ကို လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူသားတိုင်းမှာတာဝန်ရှိကြောင်း၊ ပြည်သူလူထုအနေနဲ့လည်း မသန်စွမ်းသူများအပေါ်ထားရှိတဲ့ အပြုသဘောမဆောင်တဲ့ သဘောထားအမြင်တွေကိုဖယ်ရှားပြီး ရှုထောင့်သစ်၊ အမြင်သစ်တွေနဲ့ မသန်စွမ်းသူများအပေါ် နားလည်လက်ခံပေးနိုင်ဖို့ အရေးကြီးကြောင်း၊ ဒါကြောင့် ပြည်သူများအနေနဲ့ မသန်စွမ်းမှုကို အကြောင်း ပြု၍ မသန်စွမ်းသူများကို ခွဲခြားဆက်ဆံခြင်း မပြုကြရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့်စွမ်းဆောင်နိုင်မှုများကို အလေးထားအသိ အမှတ်ပြုပေးကြကာ စိတ်ပိုင်းဆိုင်ရာ သာမကရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာကြံ့ခိုင်လာပြီး မသန်သော်လည်းစွမ်းသူများအဖြစ် ရောက်ရှိအောင် ကူညီဖေးမသွားကြရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင် (Barrier Free ) ကို Main Streaming အနေဖြင့် ကဏ္ဍတိုင်းမှာ ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးကြဖို့နဲ့ မသန်စွမ်းမှုကိုအကြောင်းပြုပြီး ချန်လှပ်ထားခဲ့ခြင်းမရှိစေဘဲ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး Leaving no one behind မူကို လက်ကိုင်ထားပြီး ယခုနှစ်ရဲ့ဆောင်ပုဒ်နဲ့အညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏သဝဏ်လွှာ Video Clip ကိုလည်းကောင်း၊ မသန်စွမ်းသူများ၏ လှုပ်ရှား‌ဆောင်ရွက်မှုမှတ်တမ်း Video ပြသခြင်းအားလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးတို့က ၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊ မွန်ပြည်နယ်မသန်စွမ်းသူများအသင်း၊ ပုဂ္ဂလိကအထူးကျောင်းမှ ဉာဏ်ရည်မသန်စွမ်းကလေးများက တေးသီချင်း၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကာ ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြသထားသည့် ပြခန်း မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ဘိုကုန်းရပ်ကွက်ရှိ မွန်ပြည်နယ်လွှတ်တော်ရုံးသို့ရောက်ရှိခဲ့ကြပြီး လွှတ်တော်ရုံးအဆောက်အဦ ပုရဝုဏ်အတွင်း၊ အပြင်သန့်ရှင်းသပ်ရပ် စနစ်တကျရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက် ကြည့်ရှုစစ်‌ဆေးခဲ့ကြသည်။

ထိုသို့ကြည့်ရှုစစ်‌ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရုံးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ဆောင်ရွက်ကြပေးကြရန်၊ ရုံးသုံးပရိဘောဂပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိအသုံးပြုရေး၊ ရုံးစာရွက်စာတမ်းများ လုံခြုံစိတ်ချစွာ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေး၊ မကြာမီကာလအတွင်းလွှတ်တော်အစည်းအဝေးများ စတင်ကျင်းပတော့မည်ဖြစ်သဖြင့် လိုအပ်သည်များကိုကြိုတင်ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ ဧည့်ခန်းမဆောင်နှင့် နားနေခန်းဆောင်များအား လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)