ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်

 

ပေါင် ဒီဇင်ဘာ ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ လူငယ်စကားဝိုင်းတွင် (အ.ထ.က) မုတ္တမကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးပိုင်သူကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး (အ.ထ.က) မုတ္တမကျောင်း မှ Grade - 11 ကျောင်းသားမောင်ပြည့်စုံအောင်က လူငယ်နှင့်ကြိုတင်ပြင်အောင်ပွဲဝင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 8 ကျောင်းသူ မအေးမြဖြူက လူငယ်နှင့်ကြိုးစားအားထုတ်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူ မမျိုးမြင့်သူက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသားမောင်ဝန်းရံခက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 8 ကျောင်းသား မောင်သန့်ဇော်ထက်က လူငယ်နှင့်ကာယပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ထက်အာကာဝင်းက ခန္ဓာကိုယ်ဖွံ့ဖြိုးရေးနှင့်ဓာတ်စာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မခင်ယမင်းနိုင်က ကျန်းမာရေးနှင့် လေ့ကျင့်ခန်းခေါင်းစဉ်ဖြင်းလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြန်လည်ဖြေကြားပေးခဲ့ပြီး (အ.ထ.က) မုတ္တမကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးပိုင်သူကျော်ကကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က) မုတ္တမကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသားကျောင်းသူ ( ၃၅၀) ဦးခန့်ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)