ကျွန်းလှ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက အားလပ်ချိန်ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိခြင်း၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ပြောဆိုဆက်ဆံရေးကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ