တပ်ကုန်း ဒီဇင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိသည်များ မေးမြန်းခဲ့ကြရာ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ညောင်လွန့်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး ညောင်လွန့်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ မောင်ဟိန်းထက်သူ(Grade-11)၊ မောင်စိုင်းမောင်မောင်(Grade-11)၊ မငြိမ်းငြိမ်းဦး(Grade-10)၊ မဖြိုးသန္တာစိုး(Grade-10)၊ မအေးမြတ်သော်(Grade-10)တို့က “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ် စာစောင်များ၊ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်