ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဥတ္တရသီရိ ဒီဇင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြတ်သော အနာဂတ်လူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။

ဦးစွာ ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေလိုကြောင်းပြောကြားကာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်နှင့် အတူ Grade-11 နှင့် Grade-10 မှ ကျောင်းသား၊ ကျောင်းသူလေးများက “စာပေရဲ့အရေးပါမှု၊   လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် အနာဂတ်ပန်းတိုင်” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မြင့်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန် ကြိုးစားရန်လိုကြောင်း ပြောကြားခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားအပြီးတွင် စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်ပြဘုတ်များပြသခြင်းနှင့် သုတရသ စာအုပ်၊ စာစောင်များ ပြသခြင်းကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက  ကြည့်ရှုလေ့လာခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)