စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မုံရွာ ဒီဇင်ဘာ ၁၀

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်ကယနေ့ကျင်းပသည့်ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရိကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းအနေဖြင့် ဌာနဆိုင်ရာများ၊ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်၍ လုပ်ငန်းခွင်တွင်ပျော်ရွှင်သည့် ဝန်ထမ်းကောင်းဖြစ်လာစေရန်၊ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက် မြင့်မားလာစေရန်၊ စိတ်ဖိစီးမှုများလျော့နည်းလာစေရန်နှင့် ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိလာစေရန်ရည်ရွယ်၍ ယခုလိုအားကစားပြိုင်ပွဲများအား ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း ယှဉ်ပြိုင်လျှင်အနိုင်ရမည်ဆိုသည့် အားကစားစိတ်ဓါတ်ဖြင့် အနိုင်မခံအရှုံးမပေး ဇွဲစိတ်ဓါတ်အားအရင်းခံပြီး တရားသော ယှဉ်ပြိုင်ခြင်းဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားသွားကြရန်နှင့် မိမိတို့၏ဌာနဂုဏ်အား အားကစားဖြင့် မြှင့်တင်ပေးသွားကြရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲများ၏ ဒိုင်လူကြီးများအနေဖြင့် တရားမျှတစွာကြီးကြပ်ဆောင်ရွက်ကာ အားပေးမည့်ဝန်ထမ်းမိသားစုဝင်များအနေဖြင့်လည်း မျှမျှတတအားပေးကြပြီး စည်းလုံးညီညွတ်မှုပျက်ပြားစေမည့် အားပေးမှုမျိုးများအား ရှောင်ကျဉ် သွားကြရန်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားကာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလလူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအား ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။  

ထို့နောက် တိုင်း‌ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများက မုံရွာမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ ဘင်ခရာ/ပန်းပွား၊ Fitness Dance အက များဖြင့် တီးခတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။   

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးဂုဏ်ဆောင် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး တီးခတ်ကပြ ဖျော်ဖြေပေးခဲ့ကြသည့် ဘင်ခရာ/ပန်းပွား၊ Fitness Dance အကအဖွဲ့များနှင့်အလံကိုင်၊ ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာတက္ကသိုလ်ဘောလုံးအသင်းနှင့် ပဉ္စအားမာန်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှုအားပေးကြရာ မုံရွာတက္ကသိုလ်အသင်းမှ ပဉ္စအားမာန်အသင်းအား  အနိုင်ရရှိသွားသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများအား ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ အားကစားနည်း ၁၂ နည်းအား ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းမှ ပြိုင်ပွဲဝင်အား ကစားသမား စုစုပေါင်း ၁၂၈၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)