ကသာ ဒီဇင်ဘာ ၁၀
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြည်သူအားအသိပညာပေးလှုံ့ဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်တွင် လူစည်ကားရာ ကသာမြို့ မြို့မဈေးကြီး ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရှိရသည်။
“ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ဖြန့်ရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှ ဝန်ထမ်းများနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက မြို့မဈေးကြီး၊ လမ်းမတော်လမ်းတစ်လျှောက်နှင့် လူစည်ကားရာ ကားဂိတ်များ တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)