ကန့်ဘလူ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆိပ်ဖူးမြောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာရမည့်အချက်များ၊ မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့်ရရှိလာမည့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက ကုန်ပစ္စည်းများတွင် ပါဝင်ရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)