ဝါးခယ်မမြို့မစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့်ခြင်းဆောင်ရွက်

ဝါးခယ်မ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စျေးရပ်ကွက်၊ မြို့မစျေးတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့သည်။

သရုပ်ပြဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခြင်း၊ ဆီကြောင့်မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်ဆေးဗူး အသုံးပြုပုံအဆင့်ဆင့်ကို မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိုးနိုင်ဦးက အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဗူးဖြင့် ငြိမ်းသတ်ခြင်း၊ ဖုံးအုပ်နည်းဖြင့် မီးငြိမ်းသတ်ခြင်းတို့ကို စျေးသူ၊ စျေးသားများဖြင့် လက်တွေ့လေ့ကျင့် လုပ်ဆောင်ခဲ့ကြပြီး စျေးအတွင်းရှိ ဆိုင်ခန်းများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ထားရှိမှုများအား တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်ဆက်သွယ်ရေးတို့မှ တာဝန်ရှိသူများ၊ စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်များ မီးဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိစေရေးရန်နှင့် ကြုံတွေ့ပါက မှန်ကန်သောနည်းလမ်းဖြင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)