ပေါင် ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက်ပိုင်းက (အ.မ.က) မိုးနိုင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ခေတ်အဆက်ဆက် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းများ၊ ရရှိပြီးသည့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်မြင့်မားရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြသည်။
မွန်မလေး(ပြန်/ဆက်)