ဖောင်းပြင်မြို့၌ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို (MEVM)မဲပေးစက်တွင်အတည်ပြုတပ်ဆင်

ဖောင်းပြင် ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲရုံ ၁၃ ရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များ၊ မဲပေးရာတွင်အသုံးပြုမည့် ဆက်စပ်ပစ္စည်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တွင် အတည်ပြုတပ်ဆင်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

တပ်ဆင်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အလုံး ၇၀ အား နည်းပညာအထောက်အကူပြုအဖွဲ့ အင်အား ၄၅ ဦးက တပ်ဆင်ပြီး မဲပေးစက်များ၏ လုပ်ဆောင်ချက် မှန်ကန်မှုရှိမရှိ တာဝန်ရှိသူတို့က စစ်ဆေးဆောင်ရွက်သည်။

ထိုသို့ တပ်ဆင်ပြီးမဲပေးစက်များအား စနစ်တကျသိမ်းဆည်းကာလာမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အတည်ပြုတပ်ဆင်ထားခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဦးစီးအရာရှိ ဒေါ်စုလှိုင်သန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)