လွိုင်ကော် ဒီဇင်ဘာ ၁၀
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအစည်းအဝေးခန်းမ၌ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးက ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်နေမှု၊ ဝန်ထမ်းများတာဝန်ထမ်းဆောင်မှု၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ၉၉ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလ ပြီးစီးအောင်ဆောင်ရွက်ရန်၊ လမ်းနှင့်လမ်းပခုံးများ၊ ရေမြောင်းများအား သတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများနှင့် သက်သာချောင်ချိရေး အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဝန်ထမ်းများက အခက်အခဲများ၊ ဖြည့်ဆည်းပေးရန်အချက်များတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယား(က)ရပ်ကွက်ရှိ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်း ဆောင်ရွက်နေသည့် သံကူကွန်ကရစ် ၆ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာနှင့် ရေစင်တည်ဆောက်နေမှုအားလည်းကောင်း၊ အရာရှိနေအိမ် အကြီးစားပြုပြင် ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တာဝန်ရှိသူများသည် နမ့်ကွတ်ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်း ကျောင်းသား ကျောင်းသူများ အားကစားလှုပ်ရှားမှုဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဘောလုံးကွင်း ဖောက်လုပ် ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဘောလုံးကွင်းအား သတ်မှတ်ထားသည့် ဘောလုံးကွင်းအင်္ဂါရပ်များနှင့် ပြည့်စုံအောင် ဆောင်ရွက်ရန်၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်နိုင်ရန်အတွက် ပြေးလမ်းများ ထည့်သွင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားရန်၊ ကျောင်းဝင်းအတွင်း အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးသွားရန်နှင့် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား မှာကြားသည်။
ထို့နောက် နမ့်ဘော်ဝမ်(ခ)ရပ်ကွက်၊ နမ့်ဘော်ဝမ်(ခါး)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ရောက်ရှိကာ ကျောင်းဝင်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ၉၀ x ၃၀ ပေ သံကူကွန်ကရစ် တစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ ကျောင်းတန်းစီကွင်းနှင့် ကျောင်းဆောင်သို့သွားသည့်လမ်းအား ကွန်ကရစ်ခင်းပေးနိုင်ရေးဆောင်ရွက်သွားရန်၊ ကျောင်းဝင်းအတွင်း အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး စီမံဆောင်ရွက်ပေးရန်နှင့် စိမ်းလန်းစိုပြည်ရေးအတွက် ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးသွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
သုတကို