လွိုင်ကော် ဒီဇင်ဘာ ၁၀
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဆေးရုံ၊ ဆေးပေးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်လင်လေးမြို့၊ တိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့မှုများအား ပြုပြင်ပြီးစီး၍ ပြန်လည်ဖွင့်လှစ်ခဲ့သည့် လွိုင်လင်လေးတိုက်နယ်ဆေးရုံသို့ရောက်ရှိပြီး ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများ၊ ဆေးရုံအတွင်းရှိ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ဆေးပေးခန်း၊ သားဖွားခန်း၊ ဆေးဝါးသိုလှောင်ခန်းနှင့် ပြင်ပလူနာဌာန ဖွင့်လှစ်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကုသရေးဦးစီးဌာနမှူးက ဝန်ထမ်းများတာဝန်ထမ်းဆောင်မှု၊ ဆေးရုံဖွင့်လှစ်၍ကျန်းမာရေး စောင့်ရှောက်ပေးနေမှုနှင့် လိုအပ်သည့် အခြေခံဆေးဝါးများ ဖြည့်တင်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံအတွင်း မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများနှင့် ကုသရေးလုပ်ငန်းသုံး ပစ္စည်းများ ပြည့်စုံစွာထားရှိရေးဆောင်ရွက်သွားရန်၊ ဆေးကုသမှုလုပ်ငန်းများ စနစ်တကျ ဖြစ်စေရေး၊ ကျန်းမာရေးဝန်ထမ်းများ၏ နေထိုင်မှုအဆင်ပြေစေရေး စီမံပေးသွားရန်နှင့် ဆေးရုံဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်စာအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ လွိုင်လင်လေးတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများအားတွေ့ဆုံ၍ တာဝန်ထမ်းဆောင်မှုအခြေအနေများနှင့် ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရေးအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)