တပ်ကုန်း ဒီဇင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားမှုဖြင့် မြို့နယ်အတွင်း မဲရုံများဖွင့်လှစ်ထားရှိမည့် စာသင်ကျောင်းများ မီးလန့်မှုမဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော် ကြီးကြပ်ပြီး၊ ဒုမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ခရမ်းစပ်ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ ပေတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ အင်ဘက်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့မှ မဲရုံအဖြစ် အသုံးပြုမည့်ကျောင်း ဆောင်များတွင် သွယ်တန်းထားသည့် ဝါယာကြိုးများ ဟောင်းနွမ်းပေါက်ပြဲမှုမရှိစေရေး၊ မဲရုံများ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းလမ်းများ၊ မီးသတ်ဆေးဘူး အပါအဝင်အခြားနည်းလမ်းများဖြင့် မီးငြှိမ်းသတ်နည်းများ သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်