နေပြည်တော် ဒီဇင်ဘာ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ချောင်းမကြီးရေလှောင်တမံနှင့် ရန်အောင်မြင်ရေလှောင်တမံသို့သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တမံပြုပြင်ဆောင်ရွက်နေမှုများနှင့် တမံမြေသား ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီး ရေလှောင်တမံသို့ သွားရောက်ပြီး တာဝန်ရှိသူများမှ တမံပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လုပ်ငန်းများအမြန်ဆုံးပြီးစီးအောင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ အချိန်မီရောက်ရှိစေရေးနှင့် လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
အဆိုပါ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ချောင်းမကြီးဆည်သည် ၂၀၀၂-၂၀၀၃ ခုဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့သော ကန်ရေပြည့်ရေလှောင်ပမာဏ ၄၀၀၀၀ ဧကပေ သိုလှောင်နိုင်ပြီး ၎င်းဆည်မှ တစ်ရက်လျှင် ရေဂါလန် ၁၀ သန်းခန့်ကို ဓနသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ ရတနာသိဒ္ဓိရပ်ကွက်၊ ဝန်ကြီးဌာနရုံးကြီးများ၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အဓိကပေးဝေလျက်ရှိပြီး နွေရာသီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်ရှိ ရပ်ကွက်များသို့ ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မန္တလေးငလျင်ကြီးကြောင့် ပင်မတမံတွင် အလျား ၂၀၀၀ ပေ ပျက်စီးထိခိုက်မှုရှိခဲ့သည့်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ပြင်ဆင်ပြီးစီးမှု ရှစ်ဆယ့်သုံးဒဿမခြောက်ရှစ်ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်တွင် ရာနှုန်းပြည့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါ မူလရေပေးဝေရေးလုပ်ငန်းများကိုလည်း ပုံမှန်အတိုင်း ပြန်လည်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင် ရေလှောင်တမံသို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မတမံနှင့် ကုန်းကြောတမံများ ပြန်လည်ပြုပြင်နေမှုအခြေအနေများနှင့် ဆည်ပတ်ဝန်းကျင် မြေယာရှုခင်းများ၊ ပန်းအလှပင်များ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
အဆိုပါ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရန်အောင်မြင်ဆည်သည် ၂၀၀၂-၂၀၀၃ ခုဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့သော ကန်ရေပြည့်ရေလှောင်ပမာဏ ၁၀၄၆၀ ဧကပေ သိုလှောင်နိုင်ပြီး ၎င်းဆည်မှ တစ်ရက်လျှင် ရေဂါလန်ခြောက်ဒဿမငါးသန်းခန့်ကို သပြေကုန်းရပ်ကွက်၊ ရွှေကြာပင်ရပ်ကွက်၊ ထန်းတပင်ရပ်ကွက်၊ ကျောက်မျက်အချော ထည်အလုပ်ရုံ၊ ပိတောက်အိမ်ရာ၊ သဇင်အပျိုဆောင်နှင့် သပြေလူပျိုဆောင်များ၊ သုခဝတီအိမ်ရာ၊ သီရိရတနာအဆင့်မြင့်ဈေး၊ နိုင်ငံတော်ဧည့်ဂေဟာများသို့ ရေပေးဝေလျက်ရှိရာ မန္တလေးငလျင်ကြီးကြောင့် ပင်မတမံတွင် အလျား ၂၈၅၀ပေ၊ ကုန်းကြောတမံတွင်အလျား ၁၃၅၀ ပေ ပျက်စီးထိခိုက်မှုရှိခဲ့သည့်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ပြင်ဆင်ပြီးစီးမှု ကိုးဆယ့်တစ်ဒဿမတစ်သုံးရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်တွင် ရာနှုန်းပြည့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါ မူလရေပေးဝေရေးလုပ်ငန်းများကိုလည်း ပုံမှန်အတိုင်းပြန်လည်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။
ယင်းနောက် လယ်ဝေးမြို့နယ်၊ ရွှေပြည်တော်ဝင်လမ်း H-1 လမ်း(ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မြို့ရှောင်လမ်း)အထိ မူလ (၂၄ ပေ)အကျယ် (၂)လမ်းသွား ကွန်ကရစ်လမ်းမှ (၄၈ ပေ)အကျယ် (၄)လမ်းသွား ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ဆောင်ရွက်ခြင်း၊ လမ်းတစ်လျှောက်သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် မန္တလေးငလျင်ကြောင့် ကွန်ကရစ်လမ်းပြတ်ရွေ့ဖြစ်၍ လမ်းမေးလွဲသွားသည့် လမ်းပိုင်းနေရာအား လမ်းပြန်လည်ဖြောင့်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြေပြင်တွင် Alignment ပေးထားခြင်းကိုလည်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားလိုက် အရည်အသွေးပြည့်မီစွာ အသုံးပြုရေး၊ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ လမ်းဘေးဝဲ/ယာတစ်လျှောက် စိုက်ပျိုးထားသည့် အရိပ်ရအပင်များအား စနစ်တကျ စိုက်ပျိုးစေရန်နှင့် ပြန်လည်အစားထိုးစိုက်ပျိုးရန်တို့ကိုမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရွှေပြည်တော်ဝင်လမ်း (H1 လမ်း)တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းအား ကုမ္ပဏီသုံးခုခွဲ၍ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယခုအခါအောက်ခံမြေသားလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ လုပ်ငန်းတစ်ခုလုံး၏ တစ်ဆယ့်ခြောက်ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာ AC ခင်းကျင်းနေမှု အခြေအနေများ၊ လမ်းမျက်နှာပြင်သန့်ရှင်းစေရန်ရေပိုက်များဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည်ရှုစစ်ဆေးပြီး လုပ်ငန်းအဆင့်ဆင့်ကို အမြန်ပြီးစီးစေရန်နှင့် ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လမ်းဥပဓိရုပ်ကောင်းမွန်စေရန် အလေးထားဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)