နေပြည်တော် ဒီဇင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်တောပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်လှစ်ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ ဝိနည်းဓိုရ်သင်တန်းတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ သရက်တောကျောင်းတိုက်ပဓာန၊ နာယကဆရာတော်ဘဒ္ဒန္တကုမာရနှင့် ဆရာတော်နှစ်ပါးမှ သင်တန်းနည်းပြများအဖြစ် မြို့နယ်အတွင်းရှိသံဃာ ၁၆၂ ပါးအား သင်ကြားပို့ချပေးလျက်ရှိသည်။ သင်တန်းကာလမှာ ဒီဇင်ဘာ ၁၀ ရက်မှ ၁၃ ရက်နေ့အထိဖြစ်ပြီး သင်တန်းရက်များတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့်ကော်မတီဝင်များ၊ အလှူရှင်များက ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်သည် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်၊ ကြောင်ရေ KC တွင် ကြောင်ရေ၊ ပြောင်ခေါင်းကြီး၊ သပြေပင်၊ နောင်ဘို၊ ရှားချောင်းကျေးရွာအုပ်စုတို့မှ တောင်သူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆောင်းသီးနှံနှင့် နွေသီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဆောင်းသီးနှံများစိုက်ပျိုးရာတွင် သက်တမ်းတို၍ အရည်အသွေးကောင်းသည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် နေကြာသီးနှံအပါအဝင် ဆောင်းသီးနှံများကို အထွက်နှုန်းကောင်းမွန်စွာထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက တောင်သူများအား ပဲတီစိမ်းမျိုးစေ့များ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် သဲကောကြီးကျေးရွာအနီးရှိ မဒန်းရေသောက်စနစ်၊ လက်တံခွဲ(၅)၊ ရေပေးမြောင်း၊ အရှည် ပေ ၃၈၀ ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။ အဆိုပါ ရေပေးမြောင်းမှ သဲကောကြီးကျေးရွာနှင့် ကူသပိတ်ကျေးရွာရှိ လယ်မြေများအား အကျိုးပြုနိုင်မည်ဖြစ်သည်။ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ဆက်လက်၍ ပိတောက်ချောင်ကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာအနီးရှိ ပေါင်းလောင်းလက်ယာမြောင်းမကြီး၊ လက်တံမြောင်း(၅)၊ အရှည်ပေ ၂၀၀ ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ လက်တံမြောင်းပြုပြင်ပြီးပါက ကွမ်းခြံနှင့် ပိတောက်ချောင်ကျေးရွာများမှ လယ်ဧက ၅၀၀ ဧကအား အကျိုးပြု ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)