တပ်ကုန်း ဒီဇင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဖူးစားပြောင်းနှင့်အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC) ခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနတိုင်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းက ဖူးစားပြောင်းဈေးကွက်နှင့် စိုက်ပျိုးနည်းနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စများ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်စိုးက အစေ့ထုတ်ပြောင်းနှင့်ဈေးကွက်အလားအလာများ၊ တန်ဖိုးမြင့် ထုတ်ကုန် ထုတ်လုပ်နိုင်ရေးတို့အား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ရွေးစုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၀၄၃)ကွင်း၊ တောင်သူ ဦးအောင်ဇော်ထွန်း၏ ပန်းဂေါ်ဖီးစိုက်ခင်း၊ တောင်သူ ဦးညွန့်လှိုင်၏ ကုလားပဲစိုက်ခင်း၊ တောင်သူ ဒေါ်ဝေဝေသင်း၏ ဖူးစားပြောင်းစိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဗိုလ်မင်းရောင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေး တိုးချဲ့(၈) လမ်းတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ အောင်ဇေယျရပ်ကွက်၊ ကုန်စည်ဒိုင်အသင်းရုံးသို့ရောက်ရှိ၍ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ရာ MSME ထုတ်ကုန်ပြပွဲ ပြိုင်ပွဲကျင်းပရေး၊ မြို့နယ်ကုန်စည်ဒိုင်ဆိုင်းဘုတ်တင်ပွဲပြုလုပ်ရေး၊ တောင်သူများ သီးနှံဈေးကွက်မှန်ကန်စွာရရှိရေး ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်က တင်ပြမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်