လွိုင်ကော် ဒီဇင်ဘာ ၁၂
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်စက်မှုဇုန်သို့သွားရောက်ပြီး စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်ပြီးစီးမှုနှင့် စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေမှုနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ကြက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်စက်မှုဇုန်သို့ ရောက်ရှိကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သည့် လွိုင်ကော်စက်မှုဇုန် ကတ္တရာလမ်း ၈ လမ်း၊ စုစုပေါင်းအရှည် ၁၁၀၂၇ ပေဖောက် လုပ်ပြီးစီးမှုအားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လမ်းရေရှည်အသုံးပြုနိုင်အောင် စနစ်တကျထိန်းသိမ်းကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဇုန်အတွင်းရှိ ရွှေလွိုင်ကော် အဆင့်မြင့်ပရိဘောဂစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင်နှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းအမြန်ဆုံးစတင်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပအိုဝ်းပေးဆီစက်ရုံနှင့် ထိန်အောင်လင်းဆန်စက်များ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီးလုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့ လုပ်ကိုင်နိုင်ရေး၊ ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နွားလဝိုးကျေးရွာရှိ ဥစားကြက်မွေးမြူရေးခြံသို့ရောက်ရှိပြီး ဥစားကြက်ကောင်ရေ တစ်သောင်း တိုးချဲ့မွေးမြူနိုင်ရေး မီးကိုင်ဆောင်ရွက်နေမှုအခြေအနေအားလည်းကောင်း၊ ဝက်မွေးမြူရေးခြံ၌ မျိုးဝက်၊ အသားတိုးဝက်များ ပြန်လည် မွေးမြူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ မြေနီကုန်းမြို့ဦးရပ်ကွက် အသားတိုးကြက်မွေးမြူရေးခြံ၌ အသားတိုးကြက်များ မွေးမြူထားရှိမှုအခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးခြံများတွင် တိရစ္ဆာန်ကူးစက်ရောဂါများ ကျရောက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် ကြက်မွေးမြူမှုများ ယခုထက်ပိုမိုတိုးချဲ့မွေးမြူနိုင်ရေး သက်ဆိုင်ရာဌာနတာဝန်ရှိသူများက လိုအပ်သည့် ပံ့ပိုးကူညီများဆောင်ရွက်ပေးသွားရန်မှာကြားခဲ့ကြောင်း သိရှိရသည်။
လွိုင်ကော်(ပြန်/ဆက်)