ဇမ္ဗူသီရိမြို့နယ်တွင် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ဇမ္ဗူသီရိ ဒီဇင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Indoor Stadium ၌ မီးငြှိမ်းသတ်ရေး‌ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်ကြီး ၄ ရပ် ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊‌ ရှာဖွေကယ်‌ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်များနှင့်အညီ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုအရ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နိုင်ငံပိုင်အရေးကြီးအဆောက်အဦများ၊ ဝန်ကြီးဌာနအဆောက်အအုံများ၊ ဝန်ထမ်းနေအိမ်များ၊ Hotel/Motel/တည်းခိုခန်းများ၊ Shopping Mall များ/ဈေးများ၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူလုထုနေအိမ်များ မီးလန့်မှု / မီးလောင်မှုများဖြစ်ပွားလာပါက ဆုံးရှုံးမှုအနည်းဆုံးနှင့် ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်‌ဆောင်ရွက်ရာတွင် နေပြည်တော် မီးသတ်စီးမှူးရုံး အပါအဝင် ခရိုင်/မြို့နယ်/နယ်မြေ မီးသတ်စခန်းများမှ ပိုလန်နိုင်ငံထုတ် ခေတ်မီမီးငြှိမ်းသတ်ယာဉ်များဖြစ်သည့် LUF 60 (၂)စီး ၊ LUF Micro (၁)စီး၊ LUF  Nano (၁)စီး၊ Medium (၂)စီး၊ 48 Meter Platform ယာဉ်(၁)စီး၊ 25 Meter Platformယာဉ် (၁)စီး၊Turn Table Ladder (၂)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁၃) စီး၊ ရေသယ်ယာဉ် (၉)စီး၊ သူနာ‌တင်ယာဉ်(၃)စီး စုစုပေါင်းယာဉ်(၃၅)စီး၊ သန္ဓေတပ်ဖွဲ့ဝင် အင်အား ၁၂၅ ဦးတို့ဖြင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)