ကလေးမြို့၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကလေး ဒီဇင်ဘာ ၁၃

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် “ဒို့အတူတူမဲပေးကြမယ်”  အသိပညာပေး လက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ယနေ့နံနက် (၉)နာရီက ဗိုလ်ချုပ်လမ်းရှိ အ.ထ.က(၃) ကျောင်းရှေ့နှင့် မြို့မဈေး၊ လေဆိပ်ရှေ့နှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ကလေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့ စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)