ရေး ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲ လှုံ့ဆော်မှုဆိုင်းဘုတ် စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သီရိနန္ဒာရပ်ကွက်၊ တနင်္သာရီလမ်းမကြီး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မျက်နှာစာ၌ ဆောင်ရွက်သည်။
အဆိုပါ “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ စာသားပါ ဆိုင်းဘုတ်အား ရေးမြို့နယ် (ခေတ္တ) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ဇော်၊ ရေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးနှင့် ခရိုင်စီမံအဖွဲ့ဝင်များက အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ရာ ရေးခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထိန်စိုး ဦးဆောင် ကြီးကြပ်မှုဖြင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များက တနင်္သာရီလမ်းမကြီးတစ်လျှောက် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ၊ လူစည်ကားရာနေရာတို့၌ ဖြန့်ဝေပေးသည်။
ယင်းအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းသည် ရေးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးအပြည့်အဝရရှိစေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မင်းမင်း(ပြန်/ဆက်)