ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော်  ဒီဇင်ဘာ  ၁၄

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ  ၁၃ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်ရွေးကောက်ပွဲ အရာရှိများ၊ လူဝင်များကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်/ခရိုင်/ မြို့နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအား မကြာမီကျင်းပတော့မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ မိမိတို့ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားလုံးကို အောင်မြင်အောင် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင် မဲရုံများ၊ တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်ဝန်ထမ်းများ စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကာလတစ်လျှောက်လုံး လုံခြုံရေးပိုင်းဆိုင်ရာနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို စနစ်တကျပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အောင်မြင်အောင် ကြိုပမ်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ်  ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)