နေပြည်တော် ဒီဇင်ဘာ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ တောင်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လယ်ယာကဏ္ဍအခြေခံဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး တိုးတက်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့် သီးနှံများနှင့် သား၊ ငါး၊ ကဏ္ဍများ ဖွံ့ဖြိုးလာရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ နိုင်ငံအတွင်း ဒေသဝမ်းစာ ဖူလုံနိုင်ရန်သာမက နိုင်ငံတကာဈေးကွက်ရရှိရေးပါ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝ ပြောင်းလဲကျင့်သုံးရေးသည်လည်း အလွန်အရေးပါလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းဖို့ မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ်မှန်ကန်စေရေး၊ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်မှု လယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲသွားနိုင်ရေး ဆက်စပ်ဌာနများနှင့်အတူ တောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့် ဆောင်းသီးနှံများကိုလည်း လှပ်မြေမရှိ အပြည့်အဝ စိုက်ပျိုးကြရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက နေကြာမျိုးစေ့ကို တောင်သူများထံပေးအပ်ခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ကြို့ပင်ကျေးရွာအတွင်း သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လေးလက်မစက်ရေတွင်း တူးဖော်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအနီး မပိုက်ကယ်ရိုး ရေနှုတ်မြောင်း ရေစီးရေလာ ကောင်မွန်စေရေး ဆောင်ရွက်ထားရှိမှုနှင့် နေပန်လပန်စနစ်ကျ လယ်ယာမြေအတွင်းရှိ နရဘန်ချောင်းပေါင် အားနည်းသည့်အပိုင်းများအား Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအား တိုးမြှင့်ပြီး လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင် အင်တိုက်အားတိုက် ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)