နေပြည်တော် ဒီဇင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ “အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်းဖွင့်ပွဲ” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဥတ္တရခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်းအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ပုဗ္ဗသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး အမှုဆောင်အဖွဲ့ဝင် ဒေါ်တင့်တင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၏ အသင်းခွဲရုံးအတွင်း ကူညီကယ်ဆယ်ရေးပစ္စည်းများ စုဖွဲ့ထားရှိမှုနှင့် ဖူဆယ်အားကစားကွင်းအား လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဂုဏ်ပြုအမှာစကားပြောကြားရာ ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံမှာလည်း မတူထူးခြားသည့်ကပ်ရောဂါများ၊ လေဘေး၊ ရေဘေးနှင့် ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ခဲ့ရပါကြောင်း၊ ဒီလို ရပ်ရွာလူထုကြုံတွေ့နေရသည့် ဘေးအန္တရာယ်တွေ လျော့ပါးသက်သာစေရန်အတွက် မိမိတို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက စီမံချက်၊ စီမံကိန်းများချမှတ်ပြီး ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်နေရမှာဖြစ်ပါကြောင်း၊ ယနေ့ ပြုလုပ်သည့် အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်း ဖွင့်ပွဲအခမ်းအနားကလည်း အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍာတစ်ခုဖြစ်ပြီး လူငယ်များအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးရေးအတွက် အထောက်အကူပြုပါကြောင်း ပြောကြားပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုမှ အသင်းလှုပ်ရှားဆောင်ရွက်ချက်များနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အလှူရှင်များက ဥတ္တရသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၏ အသင်းခွဲရုံး တည်ဆောက်သည့် အချက်အလက်များနှင့် စာရွက်စာတန်းများအား ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်ချိုအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုက ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲရုံ တည်ဆောက်ရေးတွင် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)