ကယားပြည်နယ်ဝန်ကြီးချုပ် နွေစပါးစိုက်တောင်သူများအား မျိုးစပါး၊ အစေ့ချကိရိယာများ ပေးအပ်၊ အခြေခံပညာကျောင်းများ ပြုပြင်မွမ်းမံနေမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဒီဇင်ဘာ        ၁၅

ကယားပြည်နယ်အစိုးရအဖွဲ့က နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါး၊ အစေ့ချကိရိယာ(Drum Seeder) ပေးအပ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ဟင်းသီးဟင်းရွက် စံပြစိုက်ခင်း ရှင်းလင်းဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်း နယ်မြေဒေသအခြေအနေများ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်၍ မိမိတို့၏ ရပ်ရွာဒေသများ၌ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနိုင်ရန်နှင့် တောင်သူ များ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးအပြင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုများ ပြည်နယ်အတွင်း ဖူလုံရုံမက ပြည်နယ်ပြင်ပသို့ တင်ပို့နိုင်သည်အထိ တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ အလားတူ မွေးမြူရေး လုပ်ငန်းများကိုလည်း တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိ တိုးချဲ့ဆောင်ရွက်ကြရန် လိုကြောင်း၊ လိုအပ်သည့် နည်းပညာ၊ သွင်းအားစုများနှင့် အရင်းအနှီးများကို သက်ဆိုင်ရာ ဌာနများက တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ရာ တောင်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကို ယခုထက် ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်းကြစေလိုကြောင်း စသည်ဖြင့် ပြောကြား ခဲ့သည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးများက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာနှင့် ဒီးမော့ဆို မြို့နယ်၊ ဒေါပိုးစီကျေးရွာတို့မှ နွေစပါးစိုက်ပျိုးမည့် တောင်သူများအား နွေစပါးစိုက်ပျိုးရန် မျိုးစပါး၊ အစေ့ချကိရိယာ (Drum Seeder)များနှင့် ယူရီးယားဓာတ်မြေသြဇာများကို ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများမှ နွေစပါးစိုက်ပျိုးမည့် တောင်သူများအား နွေစပါးစိုက်ပျိုးရန် မျိုးစပါး၊ အစေ့ချကိရိယာ (Drum Seeder)နှင့် ယူရီးယားဓာတ်မြေဩဇာများအား ပေးအပ်သည်။

ထို့နောက် တောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဖြည့်ဆည်း ပေးရန်နှင့် အခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည့် အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။   

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက် လာသည့် တောင်သူများအား ဟင်းသီးဟင်းရွက်စံပြစိုက်ခင်းအတွင်း သီးနှံများစိုက်ပျိုးထားရှိမှုကို လက်တွေ့သရုပ်ပြ ပညာပေးဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (အထွေထွေပိုလျှံ ရန်ပုံငွေ)ဖြင့် ပြုပြင်တည်ဆောက်လျက်ရှိသည့် ၉၀ x ၃၀  ပေ အုတ်ညှပ်တစ်ထပ် စာသင်ဆောင် ပြုပြင်တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးအောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လောဓမ္မ သို့ရောက်ရှိပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ (အထွေထွေပိုလျှံရန်ပုံငွေ)ဖြင့် ပြုပြင်တည်ဆောက်လျက်ရှိသည့် ၁၄၀ x ၃၀ ပေ သံကူကွန်ကရစ် နှစ်ထပ်စာသင်ဆောင် အပြီးသတ်တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ အရည်အသွေး စစ်ဆေးခြင်းများကိုလည်း မပြတ်ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကျောင်းဝင်းအတွင်း ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)