ခင်ဦးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်စေရေးပြင်ဆင်လျှောက်ထား

ခင်ဦး ၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇  ရက်နေ့ထိ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက် များ မှန်ကန်ပြည့်စုံမှုရှိစေရေး အတွက် ပြည်သူများက လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့်အချက်အလက်များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရ သည်။

ခင်ဦးမြို့နယ်တွင် ပြင်ဆင်ရန်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများ တွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း၊ ဩဂုတ်လ ၃ ရက် ညနေပိုင်းအထိ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ(၃)ဖြင့် လျှောက်ထားသူ(၃၅၀)ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာပုံစံ (၄)ဖြင့် လျှောက်ထားသူ (၂၁၀) ဦး၊ မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ ပုံစံ (၄-ဂ)ဖြင့် လျှောက်ထားသူ (၁၃၅) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဝင်းထွန်း ကပြောသည်။

ခင်ဦးမြို့နယ်တွင် ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်း၌ မဲဆန္ဒရှင်ဦးရေ (၁၂၀၀၉၉) ဦး ရှိပြီး မဲရုံပေါင်း (၁၁၂) ရုံ ရှိကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)