သထုံမြို့နယ်၌ ကရင်နှစ်သစ်ကူးမင်္ဂလာပွဲတော် ကျင်းပ

သထုံ ဒီဇင်ဘာ ၁၉

ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ ကျရောက်သည့် ကရင်နှစ်သစ်ကူးမင်္ဂလာပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကရင်အမျိုးသားခန်းမ၌ ယနေ့နံနက်က မြို့နယ်အဆင့်အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ သထုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်အားပေးသည်။

နှစ်သစ်ကူးပွဲ‌တော်ကျင်းပရာတွင် ရှေးဦးစွာ နံနက်အရုဏ်တက်အချိန်၌ တက်ရောက်‌လာကြသည့် တိုင်းရင်းသားများစုပေါင်းကာ ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြပြီး သထုံမြို့နယ်၏ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်မုခ်ဦးအား မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစောဘသိန်းနှင့် အဖွဲ့ဝင်များ တိုင်းရင်းသားများစုပေါင်း၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် သံဃာတော်များထံမှ နှစ်သစ်ကူးတရား နာယူခြင်း၊ သထုံမြို့နယ်အတွင်းရှိ အသက် (၈၀) နှစ်နှင့်အထက် ကရင်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြခြင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ကျေးရွာအလိုက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

အဆိုပါနှစ်သစ်ကူးပွဲတော်ကျင်းပရာသို့ သထုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကရင်၊ ပအိုဝ်း၊ မွန်တိုင်းရင်းသားများ တက်ရောက်အားပေးခဲ့ကြပြီး ပွဲတော်လာရောက်ကြသူတို့အား စတုဒိသာအာဟာရများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

သထုံမြို့နယ်တွင် ကရင်တိုင်းသား စုစုပေါင်း ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပခြင်းမှာ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့များကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်အဆင့် ကျင်းပသည့်အပြင် ကျေးရွာအသီးသီး၌လည်း နှစ်သစ်ကူးပျော်ပွဲရွှင်များကို ကျင်းပကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)