ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

ရွှေဘို ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း ရွှေဘိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ သိရ သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို စက်မှုလယ်ယာဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်နှင့် တာဝန်ရှိသူများ သည် လိပ်ချင်းကျေးရွာရှိ ကွင်းအမှတ်(၂၈၇၇၊ ၂၈၇၈ ၊ ၂၈၇၉၊ ၂၈၈၀) စနစ်ကျလယ်မြေဧက (၅၇၅)တွင် (CERP)အစီအစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ (CERP) စီမံကိန်းအရ တောင်သူများ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများ ထောက်ပံ့ပေးခြင်း၊ ထွန်ယက်ရေး လုပ်ငန်းများ၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပေး ခြင်းတို့ကို စက်မှုလယ်ယာဦးစီးဌာနမှ စက်ကိရိယာများဖြင့် ကူညီဆောင်ရွက်ပေး နေမှုများကို လည်းကောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

လိပ်ချင်းကျေးရွာရှိ စက်မှုလယ်ယာစနစ်ကျလယ်မြေ (၅၇၅) ဧကမှ စိုက်ဧက ၉၁.၈ ဧကကို ကောက်စိုက်စက်များဖြင့် စိုက်ပျိုး ပေးသွားမှာဖြစ်ပါတယ်။ ထို့သို့စိုက်ပျိုးပေးခြင်းဖြင့် ကိုဗစ်ကာလတွင် အလုပ်အကိုင်အခွင့်အလမ်းခက်ခဲပြီး ပုံမှန်ဝင်ငွေမရှိသော ဒေသခံလုပ်သားများအတွက် စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ပါဝင်လုပ်ကိုင်စေခြင်းအားဖြင့် အိမ်ထောင်စု(၁၀၆)စုမှ လုပ်သား (၁၈၄) ဦးအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မှာဖြစ်ကြောင်း ရွှေဘိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမောင်ဆန်းက ပြောကြားသည်။

ထွန်းမြင့်အောင်(ရွှေဘို)