ဝန်းသိုမြို့နယ်ရှိ ကျောက်မောင်းတောင်စေတီတော်မြတ်သို့ ကိုဗစ်-၁၉ ကြောင့် ဘုရားဖူးပြည်သူ နေ့စဉ်ဆယ်ဂဏန်းခန့်သာ လာရောက်ဖူးမြော်

ဝန်းသို ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ သဲချောင်းကျေးရွာအနီးတောင်ပေါ်ရှိ မြင့်မားသော ကျောက်တောင်ကြီးပေါ်တွင် အံ့ဖွယ်ထူးမြတ် သပ္ပာယ်လှသည့် ကျောက်မောင်းတောင်စေတီတော်ကြီးတည်ရှိပြီး အဆိုပါ စေတီတော်၏ထူးခြားချက်မှာ ကျောက်မောင်းတောင်သည် တစ်ဖက်မြေ သားဖြစ်၍ အခြားတစ်ဖက်တွင် အလွန်မြင့်မားသည့် ကျောက်သားစစ်စစ် ကျောက်တောင်ကြီးဖြစ်နေခြင်း၊ ကျောက်ငုတ်တို တစ်ခုအတွင်းမှ ထွက်ပေါ် လာသော မောင်းသံ၊ ဗြောသံ၊ စည်သံများထူးခြားစွာ ကြားရခြင်းတို့ကြောင့် ကျောက်မောင်းတောင် စေတီတော်ဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရှေးယခင်က စေတီတော်တွေ တည်ထားကိုးကွယ်မှုမရှိခင်အချိန်တုန်းက ဦးကြွက်နီနဲ့ ဦးဖိုးစုတို့ နှစ်ဦးဟာ နွားကျောင်းရင်းနဲ့ ဒီကျောက်တောင် ပေါ်ကနေ ကျောက်တုံးတွေကို တွန်းချလိမ့်ချကြတယ်၊ အဲ့လိုပြုလုပ်ရင်းနဲ့ ကျောက်ပါးစပ်နှစ်ခုကြားမှာရှိတဲ့ ကျောက်ငုတ်တိုတစ်ခုကိုမြင်သွားပြီးတော့ လှုပ်ကြည့်၊ ဆွဲထုတ်ကြည့်လိုက်တဲ့အချိန်မှာ မောင်းသံကြီးနဲ့အတူ ဗြောသံ၊ အိုးစည်၊ ဒိုးပတ်သံများကျယ်ကျယ်လောင်လောင်ထူခြားစွာ မြည်လာခဲ့ တယ်၊ ဒါကြောင့် ကျောက်မောင်းတောင်ဆိုတာ မောင်းရှိလို့ခေါ်တာ မဟုတ်ပါဘူး၊ ဒီတောင်တော်ပေါ်မှာ သာသနာရောင်ဝါလင်းချင်ရင် အချိန်နဲ့အခါ သင့်မှာ ထူးခြားတဲ့မောင်းသံပေးတတ်တာကြောင့် ကျောက်မောင်းတောင်စေတီလို့ ယခုအချိန်မှာ နာမည်သွင်ထင်ရှားနေရခြင်းဖြစ်ပါတယ်” ဟု  သဲချောင်းကျေးရွာနေ ဦးဝင်းမောင်က ပြောသည်။

ကျောက်မောင်းတောင်စေတီတော်တည်ထားရာ ကျောက်တောင်ကြီးပေါ်တွင် ရဟန္တာပုံတော်၊ ဘိုးဘိုးကြီးပုံတော်၊ သိုက်နန်း မယ်တော်ကြီးနှင့် သမီးတော်ပုံများ၊ သမန်တော်အစောင့်အရှောက်ပုံတော်ဖြစ်သည့် ကျောက်ဝက်၊ ကျော်ဘီးလူး၊ ကျောက်ကျား၊ ကျောက်သရဲစသည့် ထူးခြားသည့် ပုံတော်ရိပ်များရှိပြီး ဘုရားစေတီပုထိုးများမှာလည်း အဆူပေါင်း ၆၀ ကျော် တည်ထား ကိုးကွယ် လျက်ရှိကြောင်းသိရသည်။

အဆိုပါကျောက်မောင်းတောင်စေတီတော်သည် ဝန်းသိုမြို့နှင့် ၁၁ မိုင်ခန့်ကွာဝေးပြီး အာမခံ-တောင်ဘို့လှရွာဘက်မှလည်းကောင်း၊ ညောင်ပင်သာ-ကျောက်မဆင်ရွာဘက်မှလည်းကောင်း၊ ပုဇင်းသာ (ကောလင်းနယ်)  လေးရွာ-တပ်ကုန်းဘက်မှလည်းကောင်း၊ ဂျိုးတောင်-အင်္ဂါးရွာဘက်မှ လည်းကောင်း လမ်းသွယ် ၄လမ်းဖြင့် သွားရောက်ဖူးမျှော်ကြည်ညိုနိုင်မည်ဖြစ်ပြီး ယခင်က ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ နေ့စဉ် ရာဂဏန်းခန့် လာရောက်ဖူးမြော်လျက်ရှိသော်လည်း ယခုအချိန်တွင် ကိုဗစ်-၁၉ကာလကြောင့် ဘုရား ဖူးပြည်သူများ နေ့စဉ်ဆယ်ဂဏန်းခန့်သာ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရှိရသည်။

ကျော်မြိုင် (ပြန်/ဆက်)