မုံရွာ ဒီဇင်ဘာ ၂၂
မုံရွာစီးပွားရေးတက္ကသိုလ်တည်ထောင်ခြင်း (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ငွေရတုခန်းမ၊ ပင်မဆောင်ရှေ့တွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဦးစွာ အခမ်းအနားကို မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး ပင်မဆောင်၊ ငွေရတုခန်းမတွင် မုံရွာစီးပွားရေးတက္ကသိုလ်တည်ထောင်ခြင်း (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံကို ဆက်လက်ကျင်းပရာ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်ထူးက မုံရွာစီးပွားရေးတက္ကသိုလ်အနေဖြင့် Regular program ဖြစ်တဲ့ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့များအပါအဝင် ပညာရေးဆိုင်ရာ အစီအစဉ်အမျိုးမျိုးကို ပံ့ပိုးပေးတဲ့အပြင်အွန်လိုင်းသင်ယူမှုမှတစ်ဆင့် မဟာဘွဲ့နှင့် ဒီပလိုမာဘွဲ့များကိုလည်း ပံ့ပိုးပေးလျက်ရှိပါကြောင်း။ မုံရွာစီးပွားရေးတက္ကသိုလ်ဟာ ကိုရီးယား၊ တရုတ်၊ အီတလီ၊ ရိုမေးနီးယားနှင့်ဂျာမနီနိုင်ငံရှိ အဖွဲ့အစည်းများနှင့် MOU များ လက်မှတ်ရေးထိုးပြီး သုတေသနညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ကျောင်းသားဖလှယ်ရေး အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပြီး နိုင်ငံတကာတက္ကသိုလ်များနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ရန် အဆက်မပြတ် ကြိုးစားနေပါကြောင်း။ ကျမတို့ရဲ့ MOU မိတ်ဖက်အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် မဏိပူတက္ကသိုလ်မှ သုတေသီများအပြင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ် (သန်လျင်) နှင့် စစ်ကိုင်း အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ကဲ့သို့သော စီးပွားရေးနှင့် ဆက်စပ်သော တက္ကသိုလ် ဒီဂရီကောလိပ်များမှ ပညာရှင်များနှင့်မန္တလေးတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် မန္တလာတက္ကသိုလ် အပါအဝင် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များမှ ပညာရှင်များအားလုံးအတွက် ဂုဏ်ယူမိပါကြောင်းနှင့် ညီလာခံမှာ သုတေသနစာတမ်း စုစုပေါင်း (၂၇) စောင်ကို ဖတ်ကြားကြမှာ ဖြစ်ပါကြောင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ပြည်တွင်းပြည်ပတက္ကသိုလ်များမှ စာတမ်းရှင်များက စာတမ်းများကို ဆက်လက်ဖတ်ကြားခဲ့ကြသည်။ အဆိုပါ မုံရွာစီးပွားရေးတက္ကသိုလ်တည်ထောင်ခြင်း (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံတွင် တက်ရောက်လာကြသော ပြည်တွင်းပြည်ပတက္ကသိုလ်များမှ စာတမ်းရှင် ၂၇ ဦးမှ စာတမ်း ၂၇ စောင်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)