မုံရွာ ဒီဇင်ဘာ ၂၆
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာတွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့်အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း မကြာမီရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအားတရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးနိုင်ရေး နိုင်ငံတော် အစိုးရအနေဖြင့် အဖက်ဖက်မှ အထူးအလေးထား ဆောင်ရွက်နေသကဲ့သို့ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်တာဝန်အား ကျရာအခန်းကဏ္ဍမှ အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား မှတ်တမ်းတင်ဂုဏ်ပြုပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ဒုတိယမဲရုံမှူးများ သိရှိလိုက်နာဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာ ခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး များက Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် နဝမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း သင်တန်းသား၊သင်တန်းသူများအား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသည့် အင်အားစုကြီး(၃)ရပ်ဖြစ်သည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအနက် သူနာပြုဆရာ၊ ဆရာမများသည် အရေးကြီးသော အင်အားစုကြီးတစ်ခုဖြစ်ခြင်းကြောင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သူနာပြုဆရာ၊ဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ကျင့်ဝတ်နှင့်အညီ ပြုစုစောင့်ရှောက်မှုပေးနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ သူနာပြုဆရာ၊ဆရာမများအနေဖြင့် အောင်လက်မှတ်များအပ်နှင်းခံရပြီးနောက် လုပ်ငန်းခွင်သို့ ဝင်ရောက်သည့်အခါ သူနာပြုဆရာ၊ ဆရာမများအားလုံး အပြန်အလှန်လေးစားမှုနှင့် အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရန်နှင့် သူတပါးစိတ်ခံစားချက်များအား ဦးစားပေးကာ လူမှုဆက်ဆံရေးကောင်းမွန်ရန် အစဉ်ကြိုးစားစားကာ ပြည်သူလူထု၏ ကျန်းမာရေးမြင့်မားလာစေရန် အကောင် အထည်ဖော်ဆောင်ရွက်နိုင်သည့် သူနာပြုဆရာ၊ ဆရာမများဖြစ်ပေါင် စွမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြင့်ကျော်က သင်တန်းဆင်းမောင်မယ်များအား အမှာစကားပြောကြားပြီး မုံရွာသူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက သင်ကြားရေးတာဝန်ခံ ဆရာမကြီးထံ အောင်လက်မှတ်များအား လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ်- ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းမောင်မယ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်မတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စည်ပင် သာယာရေးအဖွဲ့အသင်းနှင့် လူမှုရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား လည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စည်ပင်သာယာရေးအဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့်တစ်ပျော်တစ်ပါး ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)