မြို့သစ် သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်တွင် အပန်းဖြေ လည်ပတ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါရေတံခွန်သည် မြို့သစ်မြို့၊ သနန်ကျေးရွာ၊ သနန်ဆည်၏ အထက်ဖက် ငါးဖာလုံခန့် အကွာ ဆားချောင်းပေါ်တွင် တည်ရှိပြီး မိုးရာသီနှင့် ဆောင်းရာသီတွင် သဘာ၀ကျောက်စိုင် ကျောက်တုံးများပေါ်မှ တောင်ကျချောင်းရေဖြင့် ရေတံခွန်အဖြစ် စီးဆင်းနေခြင်း ဖြစ်ပြီး ၄င်းရေတံခွန်၏ အထက်ဖက် သုံးဖာလုံခန့် အကွာတွင် စဉ့်အိုးကဲ့သို့သော အိုးပုံ သဏ္ဍာန်ရှိသည့် ရေကျသည့် နေရာရှိကြောင်း၊ ယင်းကိုအစွဲပြု၍ (မော့-အိုး၊ စလင်း- အ၀ကျဉ်း- အောက်သို့ ကိုယ်ထည်ကြီးသောအိုး) မော့စလင်းရေတံခွန်ဟု ခေါ်ခြင်းဖြစ်ကြောင်း သနန်ကျေးရွာနေဒေသခံ တစ်ဦးဖြစ်သူကို အေးဖေကပြောသည်။
“ရေက နေ့ခင်း နေအရမ်းပြင်းရင် အအေးဓာတ် လျော့သွားပါတယ်။ သိပ်မအေးတော့ဘူး၊ မနက်ခင်းဆိုရင်တော့ အေးစိမ့်နေတာပါပဲ။ သွားမယ်ဆို မနက်ခင်းစောစောသွားပါ၊ နေ့လယ်ပြန်လာပါ၊ လူလည်းရှင်း ရေလည်းအေး ရေလည်းကြည်၊ ၄၅ မိနစ်ကြာ လမ်းလျှောက် လာခဲ့ရသမျှ ရေတံခွန်မှာ ရေစိမ် ရေကူးလိုက်ရင် အမောတွေ ပျောက်သွားပါတယ်၊ တိတ်ဆိတ် ငြိမ်သက်နေပီး ရေစီးသံကလွဲရင် တခြားဘာအသံမှ မကြားရဘူး၊ စားစရာသောက်စရာ လုံလောက်အောင် ယူသွားပါ၊ အထူးသဖြင့် သောက်ရေများများယူသွားပါ၊ လူကတော့ အတော်စည်တဲ့ ရေတံခွန်ပါ၊ ရေတံခွန်ထိပ်ကို တက်လို့ရပါသေးတယ်၊ သွားရတာနဲ့တန်တဲ့ စိတ်ကျေနပ်မှုမျိုး ပြန်ရပါတယ် ဟု” အပန်းဖြေသွားရောက်ခဲ့သည့် ကိုသူရိန်မြင့်မြတ်က ဆိုသည်။
မိုးများသည့်နေ့များတွင် ချောင်းရေကြီးတတ်သည့်အတွက် ရာသီဥတုကောင်းမှ သွားလာသင့်ကြောင်း၊ တောင်ကျရေများရင် အန္တရာယ် ရှိကြောင်းသိရပြီး လမ်းဟောင်းလဲရှိတဲ့အတွက် လမ်းဖောက်မယ်ဆိုရင် အဆင်ပြေနိုင်ကြောင်း ဒေသခံတစ်ဦးမှ အကြံပြုထားကာ ယခုနှစ်တွင် ယခင်နှစ်ကထက် ရေမများကြောင်းသိရသည်။
မော့စလင်းရေတံခွန်သို့ သွားလာမည်ဆိုပါက မော်တော်ကားနှင့်ဖြစ်စေ၊ မော်တော်ဆိုင်ကယ်နှင့်ဖြစ်စေ မြို့သစ်မြို့၊ သနန်ကျေးရွာသို့ သွားရောက်ရမည်ဖြစ်ပြီး သနန်ကျေးရွာ တောင်ပေါ် ဘုန်းတော်ကြီးကျောင်းမှတစ်ဆင့် ရေတံခွန်ရှိရာသို့ ခြေလျင်ခရီးဖြင့် ၄၅ မိနစ်ခန့် သွားရောက်နိုင်ကြောင်း သိရသည်။
ထွန်းမင်းအောင် (ကဘော်မြေ)