ကန့်ဘလူ ဒီဇင်ဘာ ၂၈
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီကစတင်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများ၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးကြလျက်ရှိရာ ကန့်ဘလူမြို့ အမှတ် (၂) ရပ်ကွက် မူလွန်ကျောင်းမဲရုံများသို့ ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများက လာရောက်မဲပေးကြလျက်ရှိသည်။
ထိုသို့ မဲပေးရာတွင် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဆန္ဒမဲပုံး (မဲပေးစက်) အသီးသီးတွင် သက်ဆိုင်ရာလွှတ်တော်အလိုက် လွယ်ကူစွာ မဲပေးနိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးတို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ အလေးထားဆောင်ရွက်ပေးထားကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများ မဲရုံသို့လာရောက်မဲပေးနေမှုများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများက လိုက်လံကြည့်ရှုစစ်ဆေးကြီးကြပ်လျက်ရှိကြောင်းနှင့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များလည်း လာရောက်ကြည့်ရှုကြကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) တွင် ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈) အုပ်စု၌ မဲရုံပေါင်း (၃၂) ရုံပါဝင်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း