မုံရွာ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီကျောင်းတိုက်၊ သီတဂူသန္နိပါတဘွဲ့နှင်းသဘင်အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင်ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ၊ ဓမ္မသေနာပတိ သောဠသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာသီတဂူဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများနှင့်အလှူရှင်များက သတ်မှတ်နေရာများ အသီးသီးတွင် အုပ်မြစ်တော်စီ မင်္ဂလာပြုလုပ်ခဲ့ကြပြီး အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရတနာကြုတ်များအား အုပ်မြစ်တော်အလယ်ဗဟိုရှိ သတ်မှတ်နေရာများတွင် အုတ်မြစ်တော်စီမင်္ဂလာပြုလုပ်ခဲ့ကြပြီး သီတဂူဆရာတော်ကြီးနှင့်အတူ အမွှေးနံ့သာရေများပတ်ဖျန်းကာ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရတနာ စေတီဆင်များရှင်စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တင်လှူ ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဩဝါဒါစရိယ၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ၊ ဓမ္မသေနာပတိသောဠသမ ရွှေကျင်သာသနာပိုင်အဘိဓဇမဟာရဌဂုရု သီတဂူဆရာတော်ကြီးထံမှ တိုင်းဒသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည် ကြသည်။
ယင်းနောက် ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဩဝါဒါစရိယဆရာတော်ကြီးများထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုပြီး သီတဂူဆရာတော်ကြီးနှင့် ဩဝါဒါစရိယဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များက ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ဥာဏ်တော် ၁၀၈ ပေ၊ “မဟိယင်္ဂဏ” စေတီတော်မြတ်ကြီး ပြုပြင်မွန်းမံရန်အတွက် အလှူငွေကျပ် သိန်း ၁၀၀၀ (သိန်းတစ်ထောင်)နှင့် “ရတနာ ထွဠ်ခေါင်”စေတီတော်အတွက် ငွေကျပ် သိန်း ၁၀၀ တို့အား ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဩဝါဒဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကာ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်ကြီးလက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ကြသည်။
ထို့နောက် မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်နက် စေတီတော်ကြီးအထက်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တင်လှူပူဇော်ခဲ့ကြပြီး အမွှေနံ့သာရေများ ပတ်ဖျန်းကာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှု\ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံများမှ စေတီတော်ကြီးလုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ ပြုပြင်မွန်းမံနေမှု၊ စေတီတော်ကြီး ရင်ပြင်တော်အား နေပူခံကျောက်ပြားများခင်းကျင်းရန်ပြုပြင်နေမှု၊ စေတီတော်ကြီး တောင်ဘက်မုခ်အာရုံခံတန်ဆောင်း ပြန်လည်ပြုပြင်နေမှု လုပ်ငန်းအအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ စေတီတော်ကြီး ပြုပြင်နေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ရောက်ရှိရာ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွန်းမံတည်ထားကိုးကွယ်နေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြင်ဆင်တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မဟာမင်္ဂလာစေတီတော်ကြီး ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ပြန်လည်မွန်းမံတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)