ကလေးဝ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ရာ ကျောင်းသား ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးမောင်လွင်က ပညာရေးစုံညီပွဲတော်၏ ရည်ရွယ်ချက်နှင့် ပညာရေး၏တန်ဖိုးများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရရှိခဲ့သော ကျောင်းသား ကျောင်းသူများနှင့် မြို့နယ်အဆင့် မူလတန်း၊ အလယ်တန်း အင်္ဂလိပ်စာ ဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတို့က ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)