ရွှေဘိုမြို၌ မြိုနယ်လုံးဆိုင်ရာ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရွှေဘို ဒီဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် (၉)နာရီက မော်ဓောမြင်သာမြို့ထောင့်စေတီဘုရားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ ရွှေဘိုမြို့နယ်သံဃနာယက ဥက္ကဋ္ဌပုခန်း ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝာစက ပဏ္ဍိတဘဒ္ဒန္တဝိဿုတထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။ ထို့နောက်မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားခြင်း၊ စေတီတော်ရိပ်သာ ဘဒ္ဒန္တတေဇောဘာသမှ အနုမောဒနာဂါထာဖြင့်ပူဇော်ခြင်း၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ရာနန်းဦးကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တကုမာရမှ အနုမောဒနာတရားချီးမြှင့်၍လှူဒါန်းမှု အစုစုတို့အားရေစက်သွန်းချ အမျှပေးဝေ၍ဝေဠု ဝန်တိုက်သစ်ဆရာတော်မှ နတ်ဗြဟ္မာများပြန်လည်ပို့ဆောင်ကာ ပဋ္ဌာန်းသိမ်း အောင်ပွဲသို့ တက်ရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသ နံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာရုပ်သိမ်းခဲ့သည်။

ထို့နောက်မြို့နယ်လုံးဆိုင်ရာ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဆရာတော် သံဃာတော်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှ ပြည်သူများက လှူဖွယ်ပစ္စည်းများ၊ အလှူငွေများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့သည်။ ရွှေဘိုမြို့နယ်လုံးဆိုင်ရာနှစ်ဦး ပဋ္ဌာန်း ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ (၁) ရက်နေ့မှ (၅) ရက်နေ့ထိ ရွတ်ဖတ်ပူ ဇော်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်