ရေဦးမြို့တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ

ရေဦး၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ ရောက်ရှိသည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်က ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံ အလံတိုင်ရှေ့တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက်နံနက် ၇ နာရီတွင်(၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေနဒီဦးခန်းမ၌ ဆက်လက်ကျင်းပရာ  မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်၍ တက်ရောက်လာကြသူများက  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသူရက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၇၈)နှစ်မြောက်လွတ်လပ်ရေး နေ့သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက တံခွန်စိုက်ဖလား၊ ဆုတံဆိပ်နှင့်ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော  (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းသန်း(ရေဦး)