မုံရွာ၊ ဇန်နဝါရီ ၆
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)ကို ဇန်နဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရန် (၅)ရက် သာလိုတော့သည့်အတွက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များရှိ တာဝန်ရှိသူအားလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများရာနှုန်းပြည့် ဆန္နမဲလာရောက်ပေးနိုင်ရေး ကြိုတင်နှိုူးဆော်သွားကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးရာတွင် ပိုမိုလွယ်ကူအဆင်ပြေအောင် အလွယ်တကူမဲပေးနိုင်ရန် မဲစာရင်းအမှတ်စဉ်များအား ကြိုတင်သိရှိရန် ဆောင်ရွက်ပေးမှသာ မဲရုံဖွင့်လှစ်သည့်အချိန်အတွင်း လျင်လျင်မြန်မြန်မဲပေးနိုင်ပြီး မဲဆန္ဒရှင်များအားလုံး ရာနှုန်းပြည့်မဲပေးနိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးက အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးသွာကြရန်လိုအပ်ကြောင်း၊ MEVM မဲပေးစက်များ စနစ်တကျကိုင်တွယ် အသုံးပြုတတ်စေရေးနှင့် မဲရုံများတွင်အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများအား လုံလောက်စွာကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ က ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများက Video Conferencing ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းများ ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ လ ၄ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ဂုဏ်ပြုညစာအား အတူတကွသုံးဆောင်ခဲ့ကြပြီး မုံရွာသူနာပြုသင်တန်းကျောင်းနှင့် မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၏တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)