ကျွန်းလှ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ စိုက်ပျိုးခဲ့သော မိုးစပါး ၃၄၀၉၉ ဧကရိတ်သိမ်းပြီး ၂၅၀၆၇၄၇ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံမျိုးစုံ ၈၁၇၃၉ ဧကစိုက်ပျိုးခဲ့ကြောင်း၊ မိုးစပါး ၃၄၀၉၉ ဧကစိုက်ပျိုးနိုင်ပြီး လက်ရှိအချိန်အထိ စိုက်ဧကအားလုံး ရိတ်သိမ်းချွေလှေ့ပြီး ဖြစ်ကြောင်း၊ တစ်ဧက ပျှမ်းမျှ ၇၃ ဒသမ ၅၁ ရာခိုင်နှုန်းထွက်ရှိကြောင်း သိရသည်။
“မိုးစပါးစိုက်တောင်သူများကို စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ ပိုးမွှားကျရောက်မှုကာကွယ်ရေး၊ ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် ရိတ်သိမ်းချွေလှေ့ပြီးစပါးများ အမိုးအကာအောက်အချိန်မီရောက်ရှိရေး ကွင်းဆင်းအသိပညာပေးခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး စပါးအပြင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ စားဖိုဆောင်သီးနှံ၊ နှစ်ရှည်ပင်နှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ