မုံရွာ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋကဓမ္မပါလမဟာဝိဟာရကျောင်းတိုက်ကြီးရှိ ဆရာတော်၊သံဃာတော်များ စိတ်အေးချမ်းသာစွာဖြင့် ပရိယတ္တိ၊ပဋိပတ္တိတရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်နှင့်စားသုံးဆီများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ ဓမ္မဝိနယဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက် ဘဒ္ဒန္တနန္ဒဝံသဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်ဆွမ်းဆန်၊ဆီများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက် ဘဒ္ဒန္တနန္ဒဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံ တိဠတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋက ဓမ္မပါလမဟာဝိဟာရကျောင်းတိုက်ရှိ ဆရာတော်၊သံဃာတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန် ၂၄ ပြည်အိတ်- ၃၀ ၊ စားသုံးဆီ ၅၀ ပိဿာတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)