ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံ အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း ၅၀၉၃ ဧကစိုက်ပျိုးပြီးစီး

ကန့်ဘလူ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း ၅၀၉၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်း ၃၅၆၅ ဧကနှင့်ဖူးစားပြောင်း ၁၆၁၃ ဧက စုစုပေါင်း ၅၁၇၈ ဧကစိုက်ပျိုးရန်လျာထားပြီး ယမန်နှစ် အောက်တိုဘာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါအစေ့ထုတ်ပြောင်း ၃၅၃၂ ဧကနှင့်ဖူးစားပြောင်း ၁၅၆၁ ဧက စုစုပေါင်း ၅၀၉၃ ဧက စိုက်ပျိုးပြီးဖြစ်သည်။

“ဒီဆောင်းသီးနှံစိုက်ပျိုးရာသီမှာ အစေ့ထုတ်ပြောင်းနဲ့ဖူးစားပြောင်း ဧကငါးထောင်ကျော် လျာထားစိုက်ပျိုးခဲ့ရာမှာ အစေ့ထုတ်ပြောင်းဆိုရင် ၉၉ ဒသမ ၀၇ ရာခိုင်နှုန်းနဲ့ဖူးစားပြောင်း ၉၆ ဒသမ ၇၈ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးနေပါပြီ။ ပြောင်းသီးနှံတွေဖြစ်ထွန်းအောင်မြင်ဖို့ ပိုးမွှားရောဂါကျရောက်မှုမရှိစေဖို့နဲ့ အသိပညာပေးသင်တန်းတွေ၊ ဆွေးနွေးပွဲတွေအပြင် ဒေသ အလိုက် ကွင်းတာဝန်ခံများက စိုက်ကွင်းများအရောက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက် ပေးနေပါတယ် ” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။

ဒေသခံတောင်သူလယ်သမားများ၏ စိုက်ပျိုးထားသောသီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် ဝင်ငွေများရရှိရေးတို့အတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး အထွက်ကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ် စနစ်တကျစောင့်ကြည့်ဆောင်ရွက်ကာမြေမှန်၊ မျိုးမှန်၊ စိုက်စနစ်မှန်ကန်ရေးနှင့်နည်းပညာများ ဖြန့်ဝေပေးနိုင်ရေးတို့အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း