မုံရွာ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းကစတင်၍ မုံရွာတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမနှင့် မုံရွာစီးပွားရေးတက္ကသိုလ် ပင်မဆောင်ငွေရတု ခန်းမတို့တွင်ကျင်းပခဲ့ရာ အခမ်းအနားများသို့ သက်ဆိုင်ရာတက္ကသိုလ်များရှိ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာမုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များက ကျောင်းသား၊ ကျောင်းသူတို့သည် လူငယ်မောင်မယ်များဖြစ်သည်နှင့်အညီ ကျန်းမာကြံ့ခိုင်ခြင်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိခြင်း၊ ဖြောင့်မတ်မှန်ကန်သော အကျင့်စာရိတ္တတို့ဖြင့် ပြည့်စုံခြင်း၊ အချင်းချင်းရိုင်းပင်း ကူညီစိတ်ရှိခြင်း၊ မကောင်းမှုကိုရှောင်ကြဉ်ပြီး မိမိအတွက် ကောင်းကျိုး ဖြစ်စေသော အရာတို့နှင့်ပြည့်စုံခြင်းစသည့် တတ်ကြွ၍နိုးကြားသော လူငယ်မောင် မယ်များဖြစ်အောင် မိမိကိုယ်ကိုယ်လေ့ကျင့်ပျိုးထောင်ကြရမှာဖြစ်ပါကြောင်းနှင့် မိမိနှင့် မိမိပတ်ဝန်းကျင်အား အကျိုးပြုနိုင်သည့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သော ပညာတတ်လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် အားထုတ်ကြိုးပမ်းသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားများတွင် မုံရွာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဝင်းနှင့် မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ နီလာမြင့်ထူးတို့က မိမိတို့ တက္ကသိုလ်များအကြောင်းအား မိတ်ဆက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းအကအလှများဖြင့် ဧည့်ခံဖျော်ဖြေမှု၊ King နှင့် Queen ရွေးချယ်မှု တို့အား ကြည့်ရှုအားပေးခဲ့ပြီး မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဝင်းက အစဥ်အလာကြီးတဲ့ တို့မုံရွာတက္ကသီလာ တေးသီချင်းရေးသားသူအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ချီးပြီးနောက်မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်တို့က သက်ဆိုင်ရာ တက္ကသိုလ်များ၏ King နှင့် Queen ရရှိသူများအား စလွယ်၊ သရဖူ၊ ကျိုင်း၊ ပန်းစည်းနှင့် အရုပ်တို့အား လက်ဝယ်အရောက်ပေးအပ်ချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)