ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံစုံ လျာထားချက်ထက် ဧက ၄၉၀ ကျော်ပိုမိုစိုက်ပျိုးနိုင်

ကျွန်းလှ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံစုံ လျာထားချက်ထက် ဧက ၄၉၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိူရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ ဒီနှစ်ဆောင်းရာသီ ဟင်းသီးဟင်းရွက်စိုက်ပျိုးဖို့ ၅၇၇ ဧကလျာထားပြီး ၁၀၆၉ ဧက စိုက်ပျိုးတဲ့အတွက် လျာထားချက်ထက် ၄၉၂ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်သီးနှံကို ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်စိုက်ပျိုးကြပြီး သီးနှံအလိုက် တလှည့်စီစိုက်ပျိုးကြပါတယ်။ တောင်သူတွေ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြပြီး အခုအခါ သီးနှံများထွက်ရှိ၍ မိသားစုအတွက်ဝင်ငွေရရှိသလို ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဓာတုကင်းလွတ်သီးနှံရရှိရေးအတွက် သဘာဝမြေဩဇာ၊ သဘာဝအားဆေးနှင့် ပိုးသတ်ဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်းများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ