ကန့်ဘလူ၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပါသည်သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ဆုပေးခြင်းအစီအစဥ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့များ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး ဆုများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဆုရရှိသူများ၊ လူရည်ချွန်ဆုများစသည့် စာပေဆိုင်ရာဆု ၁၈၆ ဆုနှင့်အားကစားဆိုင်ရာဆု ၈၄ ဆုတို့ကို ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် အ.ထ.က(ခွဲ)ညောင်အိုင်၊ အ.မ.က(၄)၊ အ.ထ.က(၁)၊ မူလွန်(၂)နှင့် အ.ထ.က( ၂) ကျောင်းသား၊ ကျောင်းသူများက အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြရာ တက်ရောက် လာသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း